သူမလေးရဲ့ခိုနားရာ

ခေါင်းကိုက်ခြင်းနှင့် ပတ်သက်ရ်ျ သိကောင်းစရာ..

Published by သူမလေး under on 2:20 AM
အားလုံးပဲမင်္ဂလာပါရှင်။မနေ့ကတနေ့လုံးနေလို့မကောင်းဘူးဖြစ်နေတယ်။ဖျားနေတာလားဆိုတော့လည်းမဟုတ်ပြန်
ဘူး။မနက်အိပ်ယာနိုးထဲကခေါင်းကိုက်ပြီးနေရတာတမျိုးကြီးဖြစ်နေတယ်ဆေးသောက်ရမှာကြောက်တော့ခေါင်းကပ်
ပလာစတာပဲကပ်ဖြစ်တယ်။ခဏတော့သက်သာသလိုနဲ့နောက်ပြန်ဖြစ်တာပဲ။ညနေပိုင်းတော့ခေါင်းကဘယ်လိုမှမထူ
နိုင်တော့ဘူး ဆေးသောက်လိုက်မှသက်သာတော့တယ်။

ဒီနေ့ ခေါင်းကိုက်ခြင်းနဲ့ပတ်သက်တဲ့စာလေးတချို့  ဖတ်မိတဲ့အတွက် သူမလေးရဲ့သူငယ်ချင်း၊မောင်နှမတွေလည်း သိနိုင်အောင် ရေးဖြစ်တာပါ။ သိပြီးသားလူတွေလည်းပါနိုင်ပါတယ်ရှင်၊ ဘာပဲဖြစ်ဖြစ်ပေါ့ သူမလေးအတွက်မှတ်စု သဘောပါ။ :)

ခေါင်းကိုက်ခြင်းအမျိုးစားများ

ခေါင်းကိုဝေဒနာဟာ ပုံစံအမျိုးမျိုးရှိသလို ဖြစ်ရတဲ့အကြောင်းရင်းလည်းကွာခြားမှုရှိပါတယ်။ အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုကြည့်ရင်....
(၁) စိတ်ပူပင်သောကကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း၊ ဒါကတော့ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်၊
(၂) ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက်ကျယ်လာလို့ဖြစ်တဲ့ခေါင်းကိုက်ခြင်း၊
(၃) ပိုမိုပြင်းထန်တဲ့ခေါင်းတခြမ်းကိုက်ခြင်း၊
(၄) ဦးခေါင်းခွံအတွင်းမှာ ဖိအားများလာလို့ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း၊
(၅) တစ်ခါတစ်ခါမှ ရုန်တရက်ခေါင်းထိုးကိုက်တတ်တဲ့ ခေါင်းကိုက်ခြင်း၊
(၆) အာရုံကြောထိခိုက်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊
(၇) ရေယုန်ပေါက်ပြီး အာရုံကြောလေးတွေထိခိုက်လို့ ခေါင်းကိုက်ခြင်း၊
(၈) တခြား အောကာင်းရင်းရှာမရတဲ့ ခေါင်းကိုက်ခြင်း
တွေဖြစ်ပါတယ်။

ခေါင်းတခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို Migraineလို့ခေါ်ပါတယ်။ ဖြစ်ရခြင်းအကြောင်းက ကိုက်တဲ့အခြမ်းမှာရှိတဲ့ဦးနှောက် တွင်းသွေးကြောတွေ ရုတ်တရက်ကျယ်သွားတာကြောင့် အာရုံကြောများလှုံ့ ဆော်မှု ဖြစ်ပြီး ခေါင်းကိုက်ရခြင်းပါ။

ခေါင်းကိုက်ခြင်းနှင့်စိတ်

ခေါင်းကိုက်တဲ့အချိန်တွေမှာ ပူပင်သောကတွေကို လျော့ချဖို့လိုပါတယ်။ အထူးသဖြင့် အဲ့လိုအချိန်မျိုးမှာတရား မှတ်နိုင်ရင်အကောင်းဆုံးပါ။ သိပ္ပံနည်းကျလေ့လာတဲ့အခါ တရားမှတ်ခြင်းဟာရောဂါတော်တော်များများကို လုံးဝနီးပါးပျောက်ကင်းသွားတာတွေ့ရသတဲ့။ ဒါကြောင့် ထိုကျင့်စဉ်ကိုအရှေ့ တိုင်းသားတွေသာမက အနောက်တိုင်းသားတွေကပါ ကျင့်လာတာတွေ့ရတယ်။

ခေါင်းကိုက်ခြင်းနှင့်အစားအသောက်

ခေါင်းကိုက်ခြင်းနှင့်အစားအသောက်ဟာ ပတ်သက်ဆက်နွယ်နေမှန်းလူတွေ သတိမထားခဲ့ကြပါဘူး။ အစားကို အချိန်မှန်မစားဘူး၊ ကြုံသလိုစားမယ်ဆိုရင် သွေးထဲမှာဂလူးကို့စ်ရုန်တရက်နည်းပြီး ခေါင်းကိုက်တက်ပါတယ်။ ပူလောင်တဲ့ရာသီဥတုမှာ အမိုးအကာမပါဘဲအပြင်ထွက်ရင် ခန္ဓာကိုယ်မှာ ရုတ်တရက်ရေဓါတ်ခမ်းခြောက်ပြီး ခေါင်းကိုက်တတ်တယ်။ ကဖီးဓါတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ရေနွေးကြမ်း စတာတွေကို အလွန်အကျွံသောက်ရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ လူတစ်ယောက်ဟာတစ်နေ့ကို ကော်ဖီ ၃ခွက်သောက်နိုင်တယ်။ အဲ့ထက်များရင်တော့ ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ သွေးထဲမှာ မက်ကနီဆီယမ်ချို့တဲ့ရင်လည်း ခေါင်းကိုက်တတ်တယ်။ မက်ကနီဆီယမ်ဟာ အစိမ်းရောင် ဟင်းသီးဟင်းရွက်ထဲမှာ အဓိကပါဝင်ပါတယ်။ အဲ့ဒါအပြင် အချိုမှုန့်၊ ယမ်းစိမ်းပါတဲ့ ကြာရှည်ခံကြက်အူချောင်း၊ ၀က်အူချောင်းတွေနဲ့ချိစ်၊ဒိန်ခဲ၊ချောကလက်တွေကိုရေရှည်စားသုံးနေရင်လည်းခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။
နောက်တစ်ချက်က အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာတွေဟာ ဦးနှောက်ထဲမှာရှိတဲ့သွေးကြောတွေကိုကျယ်စေတာကြောင့် အိပ်ယာဝင်ပြီးနောက်တစ်နေ့ နံနက်ခင်းမှာ ခေါင်းကိုက်ကြခြင်းဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်းနှင့်အသက်အန္တရာယ်

တချို့ရောဂါကြီးကြီးမားမားတွေက ခေါင်းကိုက်ခြင်းနဲ့ဆက်စပ်နေပါတယ်။ များသောအားဖြင့် ခေါင်းကိုက်ရောဂါဟာ အသက်အန္တရာယ်မပေးတက်ပါဘူး။ တစ်ခါမှ ခေါင်းမကိုက်ဖူးတဲ့သူဟာ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာပြီ၊ ခေါင်းကိုက်နေကျလူကလည်းပုံစံပြောင်းပြီးကိုက်လာပြီဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဥပမာ- ဦးနှောက်အမှေးရောင်တဲ့အခါ၊ ဦးနှောက်ထဲသွေးယိုတဲ့အခါ၊ ဦးနှောက်ထဲငှက်ဖျားပိုး၊ ဗိုင်းရပ်ပိုင်းဝင်တဲ့အခါမျိုးမှာ ရုတ်တရက်ခေါင်းကိုက်တဲ့ပြီး အန်တက်ပါတယ်။ ထိုအခြေအနေမျိုးမှာ အသက်အန္တရာယ်ကိုစိုးရိမ်ရတာကြောင့် ထိထိရောက်ရောက်ကုသမှုခံယူသင့်ပါတယ်။ တချို့ အသက်ကြီးသူတွေ မှာ နားထင်ကသွေးကြောလေးတွေရောင်တက်တယ်။ သေချာမကုရင် အမြင်အာရုံတွေချို့ ယွင်းပြီး မျက်လုံးကွယ်သွားတတ်ပါတယ်။

ခေါင်းကိုက်ခြင်းနှင့်အကိုက်အခဲပျောက်ဆေး

ခေါင်းကိုပြီဆိုတာနဲ့ အများအုံးသုံးတဲ့ဆေးဝါးတွေက ပါရာစီတမော၊ အိုင်ဗျူပရိုဆန်၊ ဒိုင်ကလိုဖန်းနစ်တို့ပါပဲ။ ဒီဆေးတွေက အစာနဲ့တွဲသောက်ရမှာဖြစ်ပြီး အစာမရှိဘဲသောက်ရင် အစာအိမ်ရောဂါဖြစ်နိုင်ပါတယ်။ အစာအိမ်ရှိသူတွေသောက်ရင် အစာအိမ်နံရံမှာသွေးယိုစီးပြီး အသက်ရှုံးနုင်ပါတယ်။ တချို့ကလည်း ခေါင်းနည်းနည်းကိုက်တာနဲ့ဆေးသောက်ချင်ကြတာ။ စိတ်တည်ငြိမ်အောင်နေပြီး ခဏအနားယူလိုက်ရုံနဲ့ခေါင်း ကိုက်ဝေဒနာသက်သာသွားတာတွေလည်းရှိတတ်ပါတယ်။ ကြာလာရင်ဆေးမတိုးတာတွေ ဆိုးကျိုးတွေရနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းနှင့်ငါးကြီးဆီ

သုတေသနစာတမ်းတွေအရ ငါးကြီးဆီသောက်ရင် ခေါင်းကိုက်ဝေဒနာကို သိသိသာသာပျောက်ကင်းတယ်လို့အဆိုရှိပါတယ်။ ငါးကြီးဆီထဲမှာ ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ ပစ္စည်း(၂)မျိုးဖြစ်တဲ့EPOနဲ့ DHAပါဝင်ပါတယ်။ ငါးကြီးဆီမှမဟုတ်ပါဘူး လွယ်ကူစွာရနိုင်တဲ့ ငါးကြင်း၊ ငါးမြင်း၊ ငါးတန်စတာတွေ မကြာခဏစားပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ပတ်ဝန်းကျင်

မိမိရဲ့ပတ်ဝန်းကျင်မှာ ခဲဆိပ်သင့်နိုင်တဲ့အခြေအနေတွေရှိနေမယ်ဆိုရင်လည်း ခဲဆိပ်ကနေတဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ခေါင်းကိုက်နိုင်ပါတယ်။ ဥပမာ-၀ရိမ်ဆောခြင်း၊ ဘက်ထရီအားသွင်းခြင်း၊ သဘောင်္ဆေးသုတ်ခြင်း၊ ပန်းချီဆေးဗူးများအသုံးပြုရခြင်း၊ မော်တော်ကားတွင်း ဓါတ်ဆီဖြည့်ခြင်း စတဲ့အခြေအနေမျိုးမှာ ခဲဆိပ်အမြဲရှူရှိုက်နေရမယ်ဆိုရင် ဦးနှောက်တွင်းခဲဆိပ်ရောက်ပြီး ခေါင်းကိုက်တက်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ပိုးသတ်ဆေး၊ ခြင်ဆေးဖြန်းတဲ့အခါ ထိုအငွေ့တွေကြောင့်လည်း ခေါင်းကိုက်နိုင်တယ်။ ဒါကြောင့် လူနေအိမ်၊ အလုပ်ရုံ၊ စက်ရုံနဲ့ အဆောက်အအုံတွေဟာ လေ၀င်လေထွက်ကောင်းမွန်ပြီး သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့လိုပါတယ်။ ဆိုးဝါးတဲ့အနံ့အသက်တွေကြောင့် ခေါင်းကိုက်ရုံသာမကအသက်ရှူလမ်းကြောင်းမှာပါ ဝေဒနာဖြစ်ပြီး ခြေလက်မသည်နိုင်ဖြစ်ခြင်း၊ အာရုံကြောချိနဲ့ခြင်းများ ဖြစ်နိုင်ပါတယ်။

ဒီလောက်ပါပဲရှင်၊ အားလုံး ခေါင်းကိုက်ခြင်းကင်းဝေးနိုင်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်။

4 comments:

မိုးသောက်(ရှမ်းလေး) said... @ 3/5/09, 7:23 AM

အခုမှ သေသေချာချာသိတော့တယ် သူမလေးရေ.. အခုလို ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးနော...

Anonymous said... @ 3/8/09, 5:04 AM

အင်း
အခုလို မျှဝေတဲ့ အတွက် နောက်ဆို တေးလေး ခေါင်းကိုက်တော့မှာ မဟုတ်ဘူး :)

Anonymous said... @ 3/8/09, 10:57 AM

ကျွန်တော်ခဏခဏ ဖြစ်တတ် လို့ ဗျ...
ခေါင်းစဉ်တွေ့ တော့ ခိုက်သွားတယ်..။
စာဖတ် ပြီးတော့ကြိုက်သွားတယ် ..။
အဲ့တော့ ခွင့်တောင်း ပြီးတော့ ကူးသွားမယ်ဗျာ နော်..။ စက်ထဲထည့်သိမ်းမလို့ ပါ...။

Unknown said... @ 11/26/12, 6:15 PM

ကျေးဇူးဘဲဗျာ ကျွန်နော့ ချစ်သူအတွက် လိုက်ရှာနေတာ သူ့ခေါင်းကတခြမ်းတည်း ခဏခဏ ကိုက်နေတယ် တကယ်ကို ကျေးဇူးတင်ပါတယ်...

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။