သူမလေးရဲ့ခိုနားရာ

Pianoတီးကြရအောင်

Published by သူမလေး under on 9:51 AM
အားလုံးအားလုံးပဲမင်္ဂလာပါရှင်။ ဘလော့လေးကိုပစ်ထားတာကြာပေါ့။ သူမလေးအပျင်းကြီးတာများနေလို့ပါ။ :P
သူငယ်ချင်းတွေကိုအပျင်းလည်းပြေစေ၊ စိတ်ကြည်နူးမှုလည်းရစေမယ့် ကစားနည်းလေးတခုမျှပေးမယ်နော်။ သူမလေးကိုလည်း သူငယ်ချင်းတယောက်ပေးလာတာပါ။ ကစားရတာတော်တော်ပျော်ဖို့ကောင်းပါတယ်။ ဘာရယ်တော့မဟုတ်ဘူးပေါ့၊ တကယ့်Pianoအစစ်ကြီးကျတော့လည်းကိုယ်မှဖြစ်မြှောက်အောင်မတီးတက်တာနော့။ အဲ့ဒီတော့ အခုလိုလေး တီးလုံးသံလေးထွက်လာတော့ပျော်တာပေါ့။ သူမလေးဆို တချိန်လုံးအဲ့ဒါကိုကလိနေတာ ဟီ။ သူငယ်ချင်းတို့လည်းစမ်းကြည့်ပါနော်၊ သိပြီးသားဆိုလည်း မသိသေးသလိုထပ်စမ်းကြည့်ပေါ့....ဟိဟိ အတင်းကြီးပဲနော်။ ကဲ ဟောဒီလင့်လေးမှာ သွားပြီးဒေါင်းလိုက်ကျပါနော်။http://www.mediafire.com/download.php?otqgjozdmtm
အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။ သူမလေးတော့ မနက်ဖြန်ရုံးသွားရအုံးမှာမို့ အိပ်လိုက်အုံးမယ်နော်။ GoodNight!

အမြည်း

Published by သူမလေး under on 4:43 AM

အမြည်းဆိုလို့တမျိုးမထင်ပါနဲ့။ သီချင်းတင်ပေးမလို့ပါ အများကြီးတင်ရမှာလည်းပျင်းလေတော့ တပုဒ်ပဲအမြည်းသဘောတင်ပေးလိုက်မယ်နော်။ စီးရီးနာမည်က “လမ်းဆုံးတဲ့“ မဆိုးဘူးလို့ပြောရမယ်။ အဆိုတော်တွေအများကြီးပါတယ်။ သူမလေးကိုလည်းသူငယ်ချင်းတယောက်ပေးလို့နားထောင်ဖြစ်တာပါ။ ကြိုက်တယ်ဆိုရင်ဖြင့် http://www.mediafire.com/?deknj2zqed3 အဲ့ဒီမှာ ဒေါင်းလုပ်သွားဆွဲလို့ရပါတယ်ရှင်။ နားသောတဆင်သွားကျပါရှင်။





မလွဲရင် မနေနိုင်တာကလွဲလို့

Published by သူမလေး under on 2:57 AM
အားလုံးပဲမင်္ဂလာပါရှင်။ သူမလေးဟာတော်တော် အလွဲလုပ်တက်တဲ့မိန်းကလေးပါ။ ၁နေ့တခါမလွဲရရင် စားမ၀င်အိပ်မပျော်တဲ့ရောဂါရှိပါတယ်။ ဒီနေ့လည်းတလွဲလေးလုပ်လာပါသေးတယ်။ ဖြစ်ပုံက ဒီလို။

သူမလေးရဲ့ ညီမလေးက မုန့်ဖိုးလှမ်းတောင်းတာနဲ့ ငွေသွားလွှဲတယ်ပေါ့နော်။ သူငယ်ချင်းတယောက်ကိုမနေ့ထဲက အဖေါ်ခေါ်ပြီးသား။ ဟိုရောက်တော့ ကိုယ့်ဝမ်းစာကိုအရင်ဝင်ဖြည့်ရပါသေးတယ်။ အဲ့ဒီထိအဆင်ပြေသေးတယ်၊ ပိုက်ဆံလွှဲတဲ့နေရာရောက်မှ စလွဲတာ။

ဆိုင်ရှင် အမကြီးက (အမှန်တော့ အန်တီကြီးပါ ဟီ မေမေ့လောက်ရှိရောပေါ့၊) လွှဲမယ့်သူနာမည်မေး၊ လက်ခံတဲ့သူနာမည်မေး ပြီး မှတ်ပုံတင်နံပါတ်မေးပါတယ်။ သူမလေးက ၉/စကန.....ဆိုတော့ သူက အော် စစ်ကိုင်းလားတဲ့။ ဟီ ဟုတ်ဘူးလို့ စဥ့်ကူးလို့ ...အော်တဲ့။ နောက်ဖုန်းနံပါတ်မေးတယ်၊ ၀၉၂၀...ပေါ့နော်ဆိုတော့ သူက ဘယ်လွှဲမှာလည်းမမေးပဲ မန်းလေးလွှဲမှာလားတဲ့။ ဟီ...ဟုတ်ဘူးလို့ ရန်ကုန်ပါရှင်လို့...အော် ဟုတ်ပြီတဲ့ အိမ်ပို့ပေးရမှာလားတဲ့ဆိုတော့ ဟုတ်ဘူးရှင့် ဘဏ်ကိုလွှဲပေးပါရှင်ဆိုတော့။ ဟုတ်ပြီ ဘယ်ဘဏ်လည်းတဲ့ ဟဲဟဲ သူမလေးကလည်းပြောထည့်လိုက်တာပေါ့ UOBကမာရွတ်လို့။ :D ဟင်တဲ့ ပါလာတဲ့သူငယ်ချင်းရော ဆိုင်ရှင်အမကြီးရော ပြူးကုန်တယ်...မျက်လုံးပြောပါတယ်။ သူငယ်ချင်းက ဟဲ့ကြည့်လုပ်အုံးနော်တဲ့...သူမလေးက ကိုယ့်အမှားကိုမသိဘူး။ ဟုတ်တယ်လေ ငါဘာမှားနေလို့လည်း UOBကမာရွတ်သေခြာတယ်လို့ ဆိုတော့ သူငယ်ချင်းရော အမကြီးရော ညီမလေး မြန်မာပြည်မှာ UOBမရှိသေးဘူးကွဲ့ တဲ့။ ဟီ မှားပြီ။ အော် ဟုတ်သား မှားသွားပြီ ဟိုဟာ.....ဆိုတော့ သူငယ်ချင်းက ဘေးကနေ POSB တို့DBSတို့တော့ထပ်မလုပ်တော့နဲ့နော် သယ်ချင်းတဲ့...အေးပါငါသိပါတယ်ဆိုပြီး သူငယ်ချင်းကိုတောင် ပြန်ပြောလိုက်သေးတယ်။ ဟီ ရှက်ရမ်းရမ်းတာ။ အမှန်က UOBဟုတ်ဘူးရှင့် MOBပါ၊ မေ့မှာဆိုးလို့ noteမှာတောင်သေသေခြာခြာမှတ်ယူသွားတာ UOBကမာရွတ်တဲ့.......

ကိစ္စအားလုံးပြီးအိမ်ပြန်တယ်၊ မိုးကရွာချင်ချင်ဖြစ်နေပြီ။ တော်သေးတယ် အိမ်အောက်ရောက်မှစရွာလို့ မဟုတ်လို့ကတော့ ကြွက်စုတ်ဖြစ်အုံးမယ်။ အိမ်ရောက် ကော်ဖီတစ်ခွက်သောက်ပြီးအိပ်လိုက်တာ ၅နာရီကျော်မှနိုးတော့တယ်။ တော်သေးတာနော် ကော်ဖီသောက်ပြီးမှအိပ်လို့ သိပ်အိပ်လို့မကောင်းဘူး။ဟီ...အိပ်ရာနိုး ဗိုက်ဆာ ခေါက်ဆွဲပြုတ်စား...ဒါက အန်ကယ်လ်ချမ်း...ဟုတ်ပေါင် အန်တီချမ်းစတိုင်။ ဘိုင့်ဘိုင့်

စားသွားကျပါအုံးခေါက်ဆွဲပြုတ်လေး...ဟေဟေ....



ဟိုးရှေးရှေးတုန်းကပေါ့ကွယ်

Published by သူမလေး under on 8:19 PM

မင်္ဂလာပါရှင်။ ရောဂါကျွမ်းနေတာလည်းကြာပြီ၊ အိမ်လိုက်မလည်ဖြစ်တာလည်းကြာပြီ။ အဲ့ဒီတော့ကာ ဒီနေ့ ရုံးပိတ်ရက်မှာ အတိုးချပြီးအိပ်....အဲလေ အတိုးချပြီးအိမ်လျှောက်လည်မယ်၊ စာတွေလည်းရေးမယ်ပေါ့နော်။ ဟီ ပေါတောတောနဲ့လို့တော့မထင်လိုက်ပါနဲ့နော်၊ အမှန်က အဲ့ထပ်ဆိုးပါတယ် လို့မဆိုလိုပါဘူး။

လျှောက်လေပေါနေတာနဲ့ ရေးရမယ့်စာကဘယ်ရောက်သွားလည်းမသိတော့ပါဘူး။ အော် သိပြီ၊ ဒီနေ့ သူငယ်ချင်းတွေကို ပုံပြင်လေးတစ်ပုဒ်ပြောပြပါ့မယ်။ သူမလေး စိတ်ကောက်ရင် မေမေက ဒီပုံပြင်လေးပြောပြပြီးချော့ပါတယ်။ပုံပြင်လေးအဆုံးမှာမေးခွန်းလေးပါတော့ စိတ်ကောက်ပြေပြီး စကားပြန်ပြောအောင်ပါ။
ကဲပုံပြင်လေးပြောပြတော့မယ်နော်၊ ငြိမ်ငြိမ်လေးနားထောင်နော်....

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်....ရွာတရွာမှာ လယ်သမားလင်မယားနှစ်ယောက်ရှိသတဲ့။ သူတို့မှာ သမီးလေးတယောက်လည်းရှိတယ်။ သမီးလေးကို အသည်းအသန်ချစ်နေရှာတဲ့ လူငယ်လေးတယောက်လည်းရှိသတဲ့။ အဲ့ဒီလူငယ်လေးက မိန်းကလေးကိုအရမ်းလည်းချစ် အရမ်းလည်းလိုချင်တော့ လယ်သမားလင်မယားဆီမှာ ၃နှစ်၃မိုးအလုပ်လုပ်ပေးသတဲ့။ ၃နှစ်ပြည့်တဲ့အချိန်မှာ လယ်သမားလင်မယားဟာ ဒီလူငယ်လေးရဲ့ အရည်အချင်းနဲ့၊ သူတို့သမီးလေးအပေါ်ထားတဲ့ သံယောဇင်ကိုသိတော့ စိတ်ချလက်ချပေးစားလိုက်သတဲ့ကွယ်။ မိန်းကလေးက အဲ့ဒီလူငယ်လေးကိုမချစ်ဘူးကွဲ့ ဒါပေမယ့် မိဘစကားကိုနားထောင်တဲ့အနေနဲ့ ယူလိုက်တယ်။

တနေ့မှာ မိန်းကလေးဟာ အဖျားကြီးဖျားပြီး ဆုံးသွားခဲ့တယ်။ လူငယ်လေးမှာ ဘယ်လိုမှစောင့်တည်ရာမရဖြစ်တာပေါ့၊ သူ့မိန်းမကို မသေဘူးဘဲပြောနေတယ်။ သူ့မိန်းမကိုပြန်နိုးထနိုင်အောင်လုပ်ပေးတဲ့သူကိုလိုက်ရှာမယ်ပေါ့ မိဘတွေကိုပြောတယ်။ လယ်သမားလင်မယားဟာလည်း ဘယ်လိုမှတားမရတဲ့အဆုံး လိုက်ရောလိုက်ရတယ်။ အဲ့ဒါနဲ့ လူငယ်လေးဟာ မိန်းကလေးရဲ့အလောင်းကိုလှေပေါ်တင်ပြီး တရွာဝင်တရွာထွက် သူ့မိန်းမကို ပြန်ရှင်အောင်လုပ်ပေးနိုင်မယ့်လူကိုလိုက်ရှာတယ်။ အချိန်တွေသာကြာလာတယ် ပြန်ရှင်အောင်လုပ်နိုင်တဲ့ သူကို မတွေ့နိုင်ဘူးပေါ့ကွယ်။

ကံကောင်းချင်တော့ တနေရာမှာ အဘိုးအိုကြီးတယောက်ကိုတွေ့သတဲ့။ အဘိုးအိုကိုအကျိုးအကြောင်းပြောပြတော့ အဘိုးအိုက လူငယ်လေးမှာ ပိုင်ဆိုင်သမျှသူ့ကိုအကုန်ပေးရင် ကုပေးမယ်ပြောတယ်။ ဒါပေမယ့် တခု သတိထားရမှာက မိန်းကလေးဟာ အသက်ပြန်ရှင်လာရင် လူငယ်လေးကို လုံးဝမှတ်မိတော့မှာမဟုတ်ကြောင်းလည်း ပြောပြသတဲ့။ လူငယ်လေးဟာ သူ့မိန်းမကိုအရမ်းချစ်လေတော့ ရှိသမျှကုန်ချင်ကုန်ပါစေ၊ သူ့ကိုမမှတ်မိတော့ရင်လည်းရပါတယ်၊ မိန်းမကိုသာအသက်ပြန်ရှင်အောင်လုပ်ပေးပါလို့တောင်းဆိုသတဲ့။

အဘိုးအိုဟာ မိန်းကလေးအသက်ပြန်ရှင်အောင်လုပ်ဖို့က မခက်ခဲပါဘူး မင်းရဲ့သွေးသုံးစက်သာ သူ့ရဲ့ပါးစပ်ထဲထည့်ပေးလိုက် ချက်ချင်းအသက်ပြန်ရှင်လာမယ်လို့ပြောလိုက်တယ်။ ဒါပေမယ့် မင်းတနေ့ နောင်တရတဲ့အချိန်မှာတော့ သူ့ဆီက သွေးသုံးစက်ကိုပြန်တောင်းလိုက်ပါလို့ပြောပြီး သူရဲ့စကားအတိုင်း လူငယ်လေးပိုင်ဆိုတဲ့ပစ္စည်းတွေယူပြီး ထွက်သွားသတဲ့ကွယ်။ လူငယ်လေးလည်း အချိန်မဆိုင်းပဲ သူ့ရဲ့ လက်မောင်းသွေးသုံးစက်ထုပ်ပြီး မိန်းကလေးပါးစပ်ထဲထည့်ပေးလိုက်တယ်။ မိန်းကလေးဟာချက်ချင်းသတိယလာပေမယ့် လူငယ်လေးကိုတော့ မမှတ်မိရှာဘူး။

လူငယ်လေးဟာ သူ့ရဲ့ရှိရှိသမျှပစ္စည်းတွေကိုအဖိုးအိုကိုပေးလိုက်ရပြီဆိုတော့ ဘာမှမရှိတော့သလို၊ ဘယ်မှလည်းသွားလို့မရတော့ဘူးပေါ့။ အဲ့ဒါနဲ့သူဟာ အခုရောက်နေတဲ့ ရွာက လှေတစီးမှာ လှေထိုးသားအနေနဲ့ ၀င်အလုပ်လုပ်သတဲ့။ မိန်းကလေးဟာ ဒီရုပ်ဆိုးဆိုးလူကြီးဟာ သူ့ယောကျာ်းဆိုတာဘယ်လိုမှမယုံနိုင်ဘူးဖြစ်နေတယ်။ သူ့ဟာသူနေတက်သလိုနေတယ်၊ လူငယ်အတွက်ဘာမှမလုပ်ပေးသလို စကားလည်းမပြောဘူးတဲ့။ တနေ့မှာပေါ့ လူငယ်လေးဟာ လှေသကြီးရဲ့ခိုင်းစေမှုအရ အခြားရွာညအိပ်သွားပေးရသတဲ့။ သူက သူ့မိန်းမကိုလည်းစိတ်မချတော့အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ပြီး ညတွင်းချင်းပြန်လာသတဲ့။

အိမ်လည်းပြန်ရောက်ရော သူ့မိန်းမကို လှေသကြီးနဲ့ အတူတွေ့လိုက်တော့ အရမ်းဒေါသဖြစ်သွားတယ်။ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူးပေါ့။ အဲ့ဒါနဲ့သူက သူ့မိန်းမကို ရိုက်မယ်လုပ်တယ်။ မိန်းကလေးကသူ့အသားကိုမထိနဲ့ လိုချင်တာပြောလို့ပြောတယ်။ အဲ့ဒီမှာ လူငယ်လေးဟာအဘိုးအိုပြောခဲ့တယ်စကားတခွန်းကိုသတိရသွားပြီး ဘာမှမလိုချင်ပါဘူး၊ မင်းဆီက သွေးသုံးစက်ရရင်ကျေနပ်ပါပြီလို့ပြောလိုက်တယ်။ မိန်းကလေးဟာ ကောင်းပြီဆိုပြီး သွေးသုံးစက်ထုတ်ပေးလိုက်တယ်။ သွေးသုံးစက်ထုတ်လိုက်တယ်ဆိုရင်ပဲ မိန်းကလေးဟာ ခြင်တကောင်ဖြစ်သွားတယ်တဲ့။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ အဲ့ဒါကြောင့်ခြင်တွေဟာသွေးသုံးစက်ပြန်လိုချင်လို့ လူတွေကိုလိုက်ကိုက်နေတာပါတဲ့။ ကိုက်တဲ့ခြင်တွေဟာလည်းအမတွေပဲဖြစ်နေရတာတဲ့။ မေမေ မေးတဲ့မေးခွန်းလေးကတော့ သေသွားတုန်းက ခြင်ကတကောင်တည်းတဲ့၊ ဘာလို့ အများကြီးပွားလာတာလည်းတဲ့။

သူငယ်ချင်းတို့ရောဘယ်လိုထင်လည်း.....

ရောဂါကျွမ်းနေပြီ....

Published by သူမလေး under on 1:05 AM
အဟဲ ခေါင်းစဉ်ကြည့်ပြီးမလန့်သွားပါနဲ့နော်။ ရောဂါကကျွမ်းတော့ကျွမ်းနေပြီ တခြားတော့မဟုတ်ပါဘူး သင်္ကြပြန်ချင်တာပါရှင်။ ဒီနေ့ တနေကုန် BurmeseClassicကနေသင်္ကြန်သီချင်းတွေကြည့်ပြီ ရောဂါထလာတာပါ။ T-Homeသင်္ကြန်ကြည့်ပြီး ပိုဆိုးသွားတယ်။ နဂိုကမှ အငိုလွယ်တဲ့ သူမလေး သင်္ကြန်သီချင်းတွေကြည့်ပြီး တရှုံ့ရှုံ့ဖြစ်နေပါပြီ။ ဒီနှစ်သင်္ကြန်လည်း ပြန်ဖြစ်မယ်တော့ မထင်ပါ၊ သင်္ကြန်လည်းလည်ဖြစ်မယ်မထင်ပါ။မနှစ်သင်္ကြန်တုန်းကမှအကြိုနေ့တရက်ဘုန်းကြီးကျောင်းတွေလျှောက်လည်ပြီး မုန့်သွားစားဖြစ်သေးတယ်။ ဒီနှစ်တော့ ရုံးဖွင့်ရက်နဲ့တိုက်နေတော့ လည်ဖြစ်တော့မယ်မထင်ပါ။

သင်္ကြန်နဲ့သူမလေးတို့ညီအမတွေမှာဇာတ်လမ်းလေးရှိခဲ့ပါတယ်။သင်္ကြန်ကျမှပဲအဲ့ဒီအကြောင်းလေးတွေရေးတော့မယ်။ အခုတော့ ဆက်ပြီး ရောဂါသည်းလိုက်အုံးမယ်နော်.....တာ့တာ။

ဒီနေ့ ညစာ

Published by သူမလေး under on 3:38 AM
အားလုံးမင်္ဂလာပါရှင်။ မနက်က အလုပ်ကိုနေ့တ၀က်သွားရတယ်။ အလုပ်ကဆင်းတော့ သူမလေး ၈တန်း၊၉တန်းတုန်းက အင်္ဂလိပ်စာသင်ပေးတဲ့ မာမီကြီး ဒီကိုအလည်ရောက်နေတာနဲ့ သွားတွေ့ဖြစ်ပါတယ်။ မာမီ့နဲ့က ရေဆက်ရှိတယ်ပြောရမှာပဲ၊ ဘာလို့လည်းဆိုတော့ မာမီ့သမီးနဲ့က့ ဒီမှာကျောင်းနေဖက်သူငယ်ချင်းတွေပါ။ အစကမာမီ့သမီးမှန်းမသိဘူး၊ နောက်မှ သူလည်းမန်းလေးက ကိုယ်လည်းမန်းလေးကဆိုတော့ မိတ်ဆက်ရင်းသိသွားကျတာ။ သူမလေး ရဲ့မွေးစားအဖေ ကလည်းပြောထားတယ်လေ။ မာမီ့သမီးလည်း ဒီမှာကျောင်းသွားတက်မယ်ပေါ့၊ နာမည်တော့သူလည်းအတိကျမသိဘူးတဲ့၊ သူမလေးနာမည်နဲ့တော့ဆင်တယ်ဆိုပဲ။ အမှန်တော့ ၁လုံးတည်းတူတာပါ။ :P မမနဲ့သူမလေးနဲ့က အသက် ၁၀နှစ်ကွာပါတယ်။ ကျောင်းတက်တည်းကတွဲလာတာ အခုချိန်ထိပဲဆိုပါတော့။ အဖွဲ့ထဲမှာ မမက အကြီးဆုံး သူမလေးက အငယ်ဆုံး၊ ဒါပေမယ့် မမကိုဆို သူမလေးကသိပ်နိုင်ပါတယ်။ ဟီဟီနောက်မှ မမနဲ့သူမလေးရဲ့ ရီစရာအကြောင်းလေးတွေရေးအုံးမယ်။

မာမီတို့နဲ့တွေ့ပြီး ဟသာင်္က စားချင်တဲ့ အချဉ်ထုတ်ရယ်၊ ပဲပြုတ်ရယ်၊ မျှစ်ရယ်ဝယ်လာပါတယ်။ ဒီည ညစာကတော့ ပဲပြုတ်နဲ့မျှစ်နဲ့ကြော်ရယ် ၀က်သားအချိုချက်ရယ်ပါ။ စားသွားကျပါအုံးနော်။

ပဲပြုတ်နဲ့မျှစ်ကြော်ပါ။

ဝက်သားအချိုချက်ပါရှင်။

အချဉ်ထုပ်တွေပါ။ တခုက ရွှေမင်းသမီး မက်မန်းသီးအချဉ်ပါ။ သူမလေးသိပ်ကြိုက်ပါတယ်။ အရင်တုန်းက ၁ထုပ်မှ ၅၀ကျပ်ရယ်၊ ဟိုတခါပြန်သွားတုန်းက ၀ယ်စားတာ ၆၀တဲ့။ အခုဒီရောက်တော့ ၅၀တော့၅၀ပဲ။ဒါပေမယ့် ၅၀ပြား...အဲလေ ပြား၅၀ ဟီဟီ။ အဲ့ဒီပြား၅၀ကို ဘယ်လိုမှမခေါ်တက်ဘူး ပြောတိုင်း ၅၀ပြားပဲဖြစ်ဖြစ်နေတယ်။ အကိုကဆိုခဏဏအမှားပြင်ပေးရလွန်းလို့ စိတ်ကုန်ပြီတဲ့။ :( နောက်တခုက ဇီးယိုပါ သူမလေးနဲ့တည့်တယ်တဲ့ အကောင်းမှတ်နေတာ ပြီးမှ ကိုယ့်ကိုအရူးလို့ပြောမှန်းသိတယ်...အဲ့လိုပါ။ စားသွားကျပါနော်...အားမနာပါးမနာကို စားသွားကျပါရှင်။

ခေါင်းကိုက်ခြင်းနှင့် ပတ်သက်ရ်ျ သိကောင်းစရာ..

Published by သူမလေး under on 2:20 AM
အားလုံးပဲမင်္ဂလာပါရှင်။မနေ့ကတနေ့လုံးနေလို့မကောင်းဘူးဖြစ်နေတယ်။ဖျားနေတာလားဆိုတော့လည်းမဟုတ်ပြန်
ဘူး။မနက်အိပ်ယာနိုးထဲကခေါင်းကိုက်ပြီးနေရတာတမျိုးကြီးဖြစ်နေတယ်ဆေးသောက်ရမှာကြောက်တော့ခေါင်းကပ်
ပလာစတာပဲကပ်ဖြစ်တယ်။ခဏတော့သက်သာသလိုနဲ့နောက်ပြန်ဖြစ်တာပဲ။ညနေပိုင်းတော့ခေါင်းကဘယ်လိုမှမထူ
နိုင်တော့ဘူး ဆေးသောက်လိုက်မှသက်သာတော့တယ်။

ဒီနေ့ ခေါင်းကိုက်ခြင်းနဲ့ပတ်သက်တဲ့စာလေးတချို့  ဖတ်မိတဲ့အတွက် သူမလေးရဲ့သူငယ်ချင်း၊မောင်နှမတွေလည်း သိနိုင်အောင် ရေးဖြစ်တာပါ။ သိပြီးသားလူတွေလည်းပါနိုင်ပါတယ်ရှင်၊ ဘာပဲဖြစ်ဖြစ်ပေါ့ သူမလေးအတွက်မှတ်စု သဘောပါ။ :)

ခေါင်းကိုက်ခြင်းအမျိုးစားများ

ခေါင်းကိုဝေဒနာဟာ ပုံစံအမျိုးမျိုးရှိသလို ဖြစ်ရတဲ့အကြောင်းရင်းလည်းကွာခြားမှုရှိပါတယ်။ အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုကြည့်ရင်....
(၁) စိတ်ပူပင်သောကကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း၊ ဒါကတော့ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်၊
(၂) ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက်ကျယ်လာလို့ဖြစ်တဲ့ခေါင်းကိုက်ခြင်း၊
(၃) ပိုမိုပြင်းထန်တဲ့ခေါင်းတခြမ်းကိုက်ခြင်း၊
(၄) ဦးခေါင်းခွံအတွင်းမှာ ဖိအားများလာလို့ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း၊
(၅) တစ်ခါတစ်ခါမှ ရုန်တရက်ခေါင်းထိုးကိုက်တတ်တဲ့ ခေါင်းကိုက်ခြင်း၊
(၆) အာရုံကြောထိခိုက်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊
(၇) ရေယုန်ပေါက်ပြီး အာရုံကြောလေးတွေထိခိုက်လို့ ခေါင်းကိုက်ခြင်း၊
(၈) တခြား အောကာင်းရင်းရှာမရတဲ့ ခေါင်းကိုက်ခြင်း
တွေဖြစ်ပါတယ်။

ခေါင်းတခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို Migraineလို့ခေါ်ပါတယ်။ ဖြစ်ရခြင်းအကြောင်းက ကိုက်တဲ့အခြမ်းမှာရှိတဲ့ဦးနှောက် တွင်းသွေးကြောတွေ ရုတ်တရက်ကျယ်သွားတာကြောင့် အာရုံကြောများလှုံ့ ဆော်မှု ဖြစ်ပြီး ခေါင်းကိုက်ရခြင်းပါ။

ခေါင်းကိုက်ခြင်းနှင့်စိတ်

ခေါင်းကိုက်တဲ့အချိန်တွေမှာ ပူပင်သောကတွေကို လျော့ချဖို့လိုပါတယ်။ အထူးသဖြင့် အဲ့လိုအချိန်မျိုးမှာတရား မှတ်နိုင်ရင်အကောင်းဆုံးပါ။ သိပ္ပံနည်းကျလေ့လာတဲ့အခါ တရားမှတ်ခြင်းဟာရောဂါတော်တော်များများကို လုံးဝနီးပါးပျောက်ကင်းသွားတာတွေ့ရသတဲ့။ ဒါကြောင့် ထိုကျင့်စဉ်ကိုအရှေ့ တိုင်းသားတွေသာမက အနောက်တိုင်းသားတွေကပါ ကျင့်လာတာတွေ့ရတယ်။

ခေါင်းကိုက်ခြင်းနှင့်အစားအသောက်

ခေါင်းကိုက်ခြင်းနှင့်အစားအသောက်ဟာ ပတ်သက်ဆက်နွယ်နေမှန်းလူတွေ သတိမထားခဲ့ကြပါဘူး။ အစားကို အချိန်မှန်မစားဘူး၊ ကြုံသလိုစားမယ်ဆိုရင် သွေးထဲမှာဂလူးကို့စ်ရုန်တရက်နည်းပြီး ခေါင်းကိုက်တက်ပါတယ်။ ပူလောင်တဲ့ရာသီဥတုမှာ အမိုးအကာမပါဘဲအပြင်ထွက်ရင် ခန္ဓာကိုယ်မှာ ရုတ်တရက်ရေဓါတ်ခမ်းခြောက်ပြီး ခေါင်းကိုက်တတ်တယ်။ ကဖီးဓါတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ရေနွေးကြမ်း စတာတွေကို အလွန်အကျွံသောက်ရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ လူတစ်ယောက်ဟာတစ်နေ့ကို ကော်ဖီ ၃ခွက်သောက်နိုင်တယ်။ အဲ့ထက်များရင်တော့ ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ သွေးထဲမှာ မက်ကနီဆီယမ်ချို့တဲ့ရင်လည်း ခေါင်းကိုက်တတ်တယ်။ မက်ကနီဆီယမ်ဟာ အစိမ်းရောင် ဟင်းသီးဟင်းရွက်ထဲမှာ အဓိကပါဝင်ပါတယ်။ အဲ့ဒါအပြင် အချိုမှုန့်၊ ယမ်းစိမ်းပါတဲ့ ကြာရှည်ခံကြက်အူချောင်း၊ ၀က်အူချောင်းတွေနဲ့ချိစ်၊ဒိန်ခဲ၊ချောကလက်တွေကိုရေရှည်စားသုံးနေရင်လည်းခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။
နောက်တစ်ချက်က အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာတွေဟာ ဦးနှောက်ထဲမှာရှိတဲ့သွေးကြောတွေကိုကျယ်စေတာကြောင့် အိပ်ယာဝင်ပြီးနောက်တစ်နေ့ နံနက်ခင်းမှာ ခေါင်းကိုက်ကြခြင်းဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်းနှင့်အသက်အန္တရာယ်

တချို့ရောဂါကြီးကြီးမားမားတွေက ခေါင်းကိုက်ခြင်းနဲ့ဆက်စပ်နေပါတယ်။ များသောအားဖြင့် ခေါင်းကိုက်ရောဂါဟာ အသက်အန္တရာယ်မပေးတက်ပါဘူး။ တစ်ခါမှ ခေါင်းမကိုက်ဖူးတဲ့သူဟာ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာပြီ၊ ခေါင်းကိုက်နေကျလူကလည်းပုံစံပြောင်းပြီးကိုက်လာပြီဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဥပမာ- ဦးနှောက်အမှေးရောင်တဲ့အခါ၊ ဦးနှောက်ထဲသွေးယိုတဲ့အခါ၊ ဦးနှောက်ထဲငှက်ဖျားပိုး၊ ဗိုင်းရပ်ပိုင်းဝင်တဲ့အခါမျိုးမှာ ရုတ်တရက်ခေါင်းကိုက်တဲ့ပြီး အန်တက်ပါတယ်။ ထိုအခြေအနေမျိုးမှာ အသက်အန္တရာယ်ကိုစိုးရိမ်ရတာကြောင့် ထိထိရောက်ရောက်ကုသမှုခံယူသင့်ပါတယ်။ တချို့ အသက်ကြီးသူတွေ မှာ နားထင်ကသွေးကြောလေးတွေရောင်တက်တယ်။ သေချာမကုရင် အမြင်အာရုံတွေချို့ ယွင်းပြီး မျက်လုံးကွယ်သွားတတ်ပါတယ်။

ခေါင်းကိုက်ခြင်းနှင့်အကိုက်အခဲပျောက်ဆေး

ခေါင်းကိုပြီဆိုတာနဲ့ အများအုံးသုံးတဲ့ဆေးဝါးတွေက ပါရာစီတမော၊ အိုင်ဗျူပရိုဆန်၊ ဒိုင်ကလိုဖန်းနစ်တို့ပါပဲ။ ဒီဆေးတွေက အစာနဲ့တွဲသောက်ရမှာဖြစ်ပြီး အစာမရှိဘဲသောက်ရင် အစာအိမ်ရောဂါဖြစ်နိုင်ပါတယ်။ အစာအိမ်ရှိသူတွေသောက်ရင် အစာအိမ်နံရံမှာသွေးယိုစီးပြီး အသက်ရှုံးနုင်ပါတယ်။ တချို့ကလည်း ခေါင်းနည်းနည်းကိုက်တာနဲ့ဆေးသောက်ချင်ကြတာ။ စိတ်တည်ငြိမ်အောင်နေပြီး ခဏအနားယူလိုက်ရုံနဲ့ခေါင်း ကိုက်ဝေဒနာသက်သာသွားတာတွေလည်းရှိတတ်ပါတယ်။ ကြာလာရင်ဆေးမတိုးတာတွေ ဆိုးကျိုးတွေရနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းနှင့်ငါးကြီးဆီ

သုတေသနစာတမ်းတွေအရ ငါးကြီးဆီသောက်ရင် ခေါင်းကိုက်ဝေဒနာကို သိသိသာသာပျောက်ကင်းတယ်လို့အဆိုရှိပါတယ်။ ငါးကြီးဆီထဲမှာ ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ ပစ္စည်း(၂)မျိုးဖြစ်တဲ့EPOနဲ့ DHAပါဝင်ပါတယ်။ ငါးကြီးဆီမှမဟုတ်ပါဘူး လွယ်ကူစွာရနိုင်တဲ့ ငါးကြင်း၊ ငါးမြင်း၊ ငါးတန်စတာတွေ မကြာခဏစားပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ပတ်ဝန်းကျင်

မိမိရဲ့ပတ်ဝန်းကျင်မှာ ခဲဆိပ်သင့်နိုင်တဲ့အခြေအနေတွေရှိနေမယ်ဆိုရင်လည်း ခဲဆိပ်ကနေတဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ခေါင်းကိုက်နိုင်ပါတယ်။ ဥပမာ-၀ရိမ်ဆောခြင်း၊ ဘက်ထရီအားသွင်းခြင်း၊ သဘောင်္ဆေးသုတ်ခြင်း၊ ပန်းချီဆေးဗူးများအသုံးပြုရခြင်း၊ မော်တော်ကားတွင်း ဓါတ်ဆီဖြည့်ခြင်း စတဲ့အခြေအနေမျိုးမှာ ခဲဆိပ်အမြဲရှူရှိုက်နေရမယ်ဆိုရင် ဦးနှောက်တွင်းခဲဆိပ်ရောက်ပြီး ခေါင်းကိုက်တက်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ပိုးသတ်ဆေး၊ ခြင်ဆေးဖြန်းတဲ့အခါ ထိုအငွေ့တွေကြောင့်လည်း ခေါင်းကိုက်နိုင်တယ်။ ဒါကြောင့် လူနေအိမ်၊ အလုပ်ရုံ၊ စက်ရုံနဲ့ အဆောက်အအုံတွေဟာ လေ၀င်လေထွက်ကောင်းမွန်ပြီး သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့လိုပါတယ်။ ဆိုးဝါးတဲ့အနံ့အသက်တွေကြောင့် ခေါင်းကိုက်ရုံသာမကအသက်ရှူလမ်းကြောင်းမှာပါ ဝေဒနာဖြစ်ပြီး ခြေလက်မသည်နိုင်ဖြစ်ခြင်း၊ အာရုံကြောချိနဲ့ခြင်းများ ဖြစ်နိုင်ပါတယ်။

ဒီလောက်ပါပဲရှင်၊ အားလုံး ခေါင်းကိုက်ခြင်းကင်းဝေးနိုင်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်။
 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။