သူမလေးရဲ့ခိုနားရာ

တခါက ဗေဒင်ဆရာနှင့်

Published by သူမလေး under on 12:59 AM


မင်္ဂလာပါရှင်၊ ခေါင်းစဉ်မှာရေးထားသလိုပဲ တခါက ဗေဒင်မေးခဲ့စဉ်ကအဖြစ်အပျက်လေးကိုသတိယလို့ ရေးဖြစ်တာပါ။ သူမလေး ဗေဒင်ကိုတကူးတကသွားမေးရလောက်အောင်ဝါသနာမပါပါဘူး၊ စာစောင်တွေ၊Magazineတွေထဲတွေ့မှသာ ဟိုကြည့်ဒီကြည့် ကြည့်ဖြစ်တယ်။ ကိုယ့်ဟာကိုဆို ဗေဒင်ဆရာဆီရောက်ဖို့ဆိုတာဝေးပါတယ်။

အိမ်မှာတော့ မေမေနဲ့ညီမလေးက ဗေဒင်မေးရတာသိပ်ဝါသနာပါတယ်။ ဘာလေးဖြစ်ဖြစ် ဗေဒင်ဆရာဆီသွားလိုက်ရမှ။ မောင်တ၀မ်းကွဲလေးနာမည်ပေးတာတောင်ဟိုမေးဒီမေးနဲ့ ကလေးက ၁နှစ်ကျော်လောက်မှ နာမည်အရင်းရှိတော့တယ်။ နောက်သူမလေး သူငယ်ချင်းတယောက်ရှိတယ်။ အဲ့တစ်ယောက်လည်း တူတူပဲ ဘယ်နား ကဗေဒင်ဆရာကောင်းတယ်ဆို ကျောင်းဖျက်ပြီးတော့ကို သွားမေးတာ...ဟိုးမတ္တရာထိရောက်တယ်။ ကိုယ်ကတော့လိုက်ပါဘူး။


ဒီအရွယ်ထိမှတ်မှတ်ရရ ဗေဒင်ဆရာဆီရောက်ဖူးတာ 3ခါပဲရှိတယ်။ တခါက မေမေနဲ့ နောက်တခေါက်က အခုနက သူငယ်ချင်းရယ်၊ ညီမလေးရယ်နဲ့ပါ။နောက်ဆုံးတခေါက် ညီမလေးနဲ့ပဲ ဆရာစံဇာနည်ဘိုဆီမှာပါ။ ဘယ်တုန်းကလည်းဆိုတော့ ကိုယ်ဒီကိုလာခါနီးကပေါ့။ ကိုယ်သွားရတော့မယ်ဆိုတော့ မေမေက အဆိုးအကောင်းမေးရအောင်ဆိုပြီးအဘမင်းသိင်္ခခြံခေါ်သွားတယ်။(နာမည်မပေါင်းတက်လို့ မှားရင်ခွင့်လွှတ်ပါ။)ကိုယ်ကလည်းမသွားချင်ဘူး အမျိုးမျိုးဂျီကျတာ မရဘူး။ မနက်စောစောထပြီး သွားရတယ်၊ တန်းစီနေရမှာဆိုးလို့တဲ့။ ကိုယ်ပဲကံကောင်းတာလားမသိဘူး ဟိုရောက်တော့ ပိတ်ရက်နဲ့ကြုံနေတယ်။
နောက်သူငယ်ချင်းတွေနဲ့အခေါက်ကတော့ ကိုယ့်အတွက်မှတ်မှတ်ရရပါပဲ။ အခုချိန်ထိတွေးမိရင် ရီချင်တယ်..တကယ်။ ဖြစ်ပုံက ညီမလေးနဲ့ သူငယ်ချင်းက သူတို့အလုပ်အတွက်ဗေဒင်သွားမေးမှာကို ကိုယ့်ပါအဖော်ခေါ်တယ်။ ကိုယ်က မလိုက်ချင်ဘူး သူတို့ မေးတာမြန်းတာဘာညာနဲ့မကြာဘူးဆို အနည်းဆုံး 1နာရီလောက်ကြာမှာလေ။ အစကကိုယ်လည်းငြင်းသေးတယ်၊ နောက်တော့သူတို့က အဲ့ဒီကပြီးရင် ရွှေတောင်တန်းမှာကြေးအိုးလိုက်တိုက်မယ်၊ Black Canyonမှာလည်း ကော်ဖီလိုက်တိုက်မယ်ဆိုလို့ ကိုယ်လည်း အစားငမ်းပြီးလိုက်သွားတာပေါ့။

ဟိုရောက်တော့ ကိုယ့်ပါ ဟောခန်းထဲခေါ်သွားတယ်၊ အပြင်မှာလည်း လူတွေများနေတော့လိုက်သွားလိုက်တယ်။ သူတို့ဟာသူတို့မေးစရာရှိတာမေး၊ဘာညာလုပ်ပေါ့။ ဟောလည်းပြီးရော ဗေဒင်ဆရာက သမီးရောမေးဦးမလားတဲ့...ကိုယ့်လာမေးတယ်၊ ကိုယ်ကဟင့်အင်း လို့ဖြေကာရှိသေး ညီမလေးနဲ့သူငယ်ချင်းက ဆရာရယ်တခါတည်းကြည့်ပေးလိုက်ပါတဲ့ဆိုပြီး အတွန့်တက်လိုက်တာ ...အဲ့မှာစတွေ့တော့တာပဲ။
ကိုယ်ကလည်းအားနာတက်တော့ ၊ဗေဒင်ဆရာ့ရှေ့ မှာလည်းဖြစ်နေတော့ငြင်းမနေတော့ဘူးပေါ့။ ပြီးပြီးရောဆိုပြီးနားထောင်နေလိုက်တာ...သူကဟောသွားတာပေါ့နော်...ရှေ့ ကဟာတွေတခုမှကိုယ်နဲ့မတိုက်ဆိုင်တော့ပြုံးပြုံးလေးနားထောင်နေတာပေါ့။ နောက်ဆုံးကျတော့ သူက သမီးဒီရက်အတောအတွင်း ဘယ်ခြေ၊ဘယ်လက်ထိခိုက်ကိန်းရှိတယ်သတိထားနေပါတဲ့။ ကိုယ်လည်း ဟုတ်ကဲ့ပေါ့။ ဟီဟီ...
သူဟောလိုက်တာကိုယ်နဲ့မတိုက်ဆိုင်ဘူးပဲထင်နေတာ...နောက်၂ရက်လောက်နေတော့အခန်းထဲမှာ ကိုယ်တယောက်တည်းဂိမ်းဆော့နေတုန်းညီမလေးဝင်လာတယ်။ မေမေဆူလိုက်လို့တဲ့ အိပ်ယာပေါ်တက်ပြီးငိုပါလေရော။ အစကတော့ကိုယ်လည်း ဒီအတိုင်းနေနေသေးတယ်၊ မချော့သေးဘူးပေါ့။ နောက်တော့ ငိုတာ တော်တော်နဲ့မပြီးဘူး၊ ကိုယ်လည်းသနားလာတာနဲ့ချော့မယ်လေဆို ခုတင်ပေါ်အကူး....အပျင်းကြီးပြီ အောက်မဆင်းပဲဒီအတိုင်း ခုန်ပေါ်ကနေလှမ်းကျော်လိုက်တာ ဖြစ်ချင်တော့ခုန်ကလည်ပြီး ခြေထောက်က မွေ့ယာအစွန်းပဲနင်းမိပြီး အောက်ကို ပြုတ်ကျပါလေရော။
ကျတာကလည်းဘယ်ခြေ၊ဘယ်လက်နဲ့မုဆိုးထိုင်သလိုမျိုးကိုပြုတ်ကျတာ။ ကိုယ်လည်းငိုပါလေရောလား၊ ငိုတာမှဗေဒင်ဆရာကိုတတပြီးကိုငိုတာ။ ခိုက်မိတာမှမှန်အောင်ဟောရပါ့မလားဆိုပြီး...ဟီဟီ။ ညီမလေးလည်း ဆက်မငိုနိုင်တော့ဘူး။သွားချော့မယ့်လူကအချော့ခံနေရတယ်။ ညီမလေးမှာကိုယ့်လည်းချော့၊ ရီလည်းရီချင်နဲ့။ဟဟဟ။ အိမ်ကလူကြီးတွေလည်းအကုန်အခန်းထဲရောက်လာကုန်ကျတာ။ ကိုယ့်အသံပြဲကြီးကြားပြီးဘာများဖြစ်သွားသလည်းပေါ့။ အဲ့လိုပါ။....
နောက်ဆုံးဆရာစံဇာနည်ဘိုဆီမှာဗေဒင်သွားမေးတဲ့အခေါက်ကတော့ နောက်ဆုံးအခေါက်ပေါ့။ အဲ့တုန်းက ကိုယ်ကဒီကကျောင်းပြီးလို့တလပြန်တဲ့အချိန်။ ပြန်လာခါနီးပေါ့.... ဆရာက ကိုယ့်လက်ခဏာကော်ပီကိုကြည့်ပြီးဟောနေတယ်။ ဘာပေါ့၊ညာပေါ့ဆိုပြီး...အဲတ၀က်လောက်ရောက်တော့ကိုယ်မနေနိုင်တော့ဘူး။ ဟီ....ညက အစားစုံသွားတယ်။ ဆက်မထိုင်နိုင်တော့ဘူး... ညီမလေးကို သမီးပဲပြီးအောင်နားထောင်ခဲ့လိုက်တော့နော်ဆိုပြီး အသာလေး လစ်ထွက်ခဲ့တယ်။ အပြင်ရောက်မှလောကကြီးကကိုယ့်အတွက်သာယာတော့တယ်...ဟီဟီ။
အခုလည်း ညီမလေးက သူ့ရဲ့ဆရာမဒီကိုအလည်ရောက်နေတယ်တဲ့။ မမဖုန်းနံပါတ်ပေးလိုက်တယ်တဲ့ဆက်သွယ်လာရင်ကူညီလိုက်ပါတဲ့။ မေမေကလည်း မေးချင်တာရှိရင်မေးလိုက်တဲ့၊ ဟီ...ကိုယ်လည်းဟဲဟဲပေါ့။ ခုချိန်ထိတော့မဆက်သွယ်လာသေးဘူး။ ကိုယ့်ကိုလည်းသူ့ဖုန်းနံပါတ်ပေးထားတယ်။ အသာလေးမသိယောင်ဆောင်နေတာ။ ....ဒါပါပဲ...ကိုယ့်ဗေဒင်ဇာတ်လမ်းလေးကတော့

***ဗေဒင်ပညာနှင့် ဗေဒင်ဆရာအားစော်ကားလိုစိတ်လုံးလုံးမရှိပါ၊ ကျွန်မရဲ့ရီစရာတိုက်ဆိုင်မှုလေးများအား ရေးသားခြင်းသာဖြစ်ပါသည်။******
အားလုံးပျော်ရွှင်နိုင်ကြပါစေရှင်။

ငါ့ဒုက္ခ

Published by သူမလေး under on 11:18 PM
ဒီနေ့မှ Airconကပျက်တယ်....

ဒီနေ့မှ ငါက အင်္ကျီနှစ်ထပ်ဝတ်လာမိတယ်...

ဒီနေ့မှ စားတဲ့နေ့လည်စာက အတော်ပူလောင်တဲ့ခေါက်ဆွဲကိုစားမိတယ်...

ဒီနေ့မှ အကိုကလာပြီးကဂျီကဂျောင်များတယ်....

ဒီနေ့မှ....

ဒီနေ့မှ....

ဒီနေ့မှ...ဘာမှမကောင်းပါလား.... ပေါင်းဖိုထဲရောက်နေသလိုခံစားရတယ်။

နံနက်စာ....

Published by သူမလေး under on 8:40 PM
အိမ်မှာနေတုန်းကတော့ ကိုယ့်အတွက်ပုံမှန်မနက်စာဟာ ထမင်းပူဆီဆမ်းနဲ့ အကြော်ပူပူလေးပေါ့။တခါတလေ တော့လည်း ကောက်ညှင်းပေါင်းနဲ့အကြော်ပေါ့။ ကော်ဖီတခွက်ကတော့မပါမဖြစ် အဓိကခေါင်းဆောင်မင်းသား ပေါ့။ မုန့်တီ၊မုန့်ဟင်းခါး က သိပ်မကြိုက်တော့ ၁၀ခါ့တခါပဲစားဖြစ်တာများတယ်။အိမ်မှာအလုပ်သမားတွေကများတော့ မေမေကဟိုးအရင်ထဲက အကျင့်လုပ်ပေးထားတာ၊ မနက်ဆို ထမင်းဆီဆမ်းနဲ့အကြော်နဲ့မစားမနေရ။ဖေဖေကလွဲလို့ပေါ့။ ဒီရောက်တော့ အကျင့်ကပျက်ပြီ၊ တယောက်တည်းနေတာဆိုတော့ မနက်စာကို ဖြစ်သလိုစားတာများတယ်။ တခါတလေ ကော်ဖီတခွက်၊ ကုတ်ခ်တဘူးထဲနဲ့မနက်စာပြီးချင်ပြီးသွားရော။ကျောင်းတက်တုန်းကလည်းကျောင်း တက်တုန်းကမို့ မနက်ဆို ကျောင်းချိန်မှီအောင်အပြေးသွားရတယ်။ အလုပ်ထဲဝင်တော့လည်း ကိုယ်ကအအိပ် မက်တော့ စားချိန်ထက် အိပ်ချိန်ကိုပိုယူပြီး အလုပ်ထဲရောက်မှ ကော်ဖီတခွက်ဖျော်သောက်လိုက်တယ်။ပေါင်မုန့် တချပ်တလေတော့ပါတဲ့အခါပါတယ်၊ မပါတဲ့အခါကများပါတယ်။ မမတွေကဆို သိပ်ပြောတယ်၊မနက်စာကိုပုံမှန် မစားလို့။ တခါက ကိုယ်နေမကောင်းဖြစ်တုန်းကပေါ့၊ မမတွေအကိုတွေက ဂရုတစိုက်နဲ့ သမီးလေးမနက်စာဘာ စားခဲ့လည်း၊ ဘာစားချင်လည်းနဲ့မေးကြတယ်။ ကိုယ်ကစားခဲ့ပြီမမ ၊ သမီး ကော်ဖီတခွက်၊နွားနို့တခွက်သောက်ခဲ့ တယ်လည်းဆိုရော.... မမတွေအကိုတွေဝိုင်းသမကြတယ်။ ဖျားနေတဲ့ကြားကကိုထုခံရတာ။အဲ့ဒါမနက်စာလား လို့လည်းမေးသေးတယ်။ ဟီမနေ့ကမနက်တော့ နေ့တ၀က်ရုံးဆင်းရတယ်လေ။အဲ့ဒီတော့ကောက်ညှင်းထုပ်စားချင်တာနဲ့သောကြာနေ့ညက အိမ်နားကMallမှာတွေ့တာနဲ့ဝယ်လာခဲ့တယ်။ မနက်အိပ်ယာနိုးတော့ သူကိုအပူပေးပြီးရုံးမှာစားဖို့ယူလာခဲ့တယ်။ အဟင့်...နည်းနည်းပဲစားပြီးဆက်မစားနိုင်တော့လို့ လွှင့်ပစ်လိုက်ရတယ်။ ဘာတွေထည့်ထားမှန်မသိဘူး၊ အမွှေးနံ့တွေရောဘာတွေရောစုံနေတာပဲ။ ဒါနဲ့ကိုယ်လည်းနေ့လည်အတွက်ချန်ထားတဲ့ ကိတ်မုန့်လေးနဲ့ပဲနှစ်ပါး သွားလိုက်ရတယ်။ လေတယ်...အိမ်မှာတုန်းကလို ထမင်းဆီဆမ်းနဲ့အကြော်နဲ့စားချင်လိုက်တာ။ ဟိုတရက်ကကိုယ်အလုပ်မသွားခင်အိမ်ကိုဖုန်း ဆက်ချင်စိတ်ပေါ်လာတာနဲ့ဖုန်းဆက်ဖြစ်တယ်။ မေမေတို့နဲ့ပြောပြီးမောင်လေးလည်းရှိနေတာနဲ့မောင်လေးနဲ့ပါ ပြောဖြစ်တယ်။ သားသားဘာလုပ်နေလည်းမေးတော့ ထမင်းစားနေတာတဲ့ ဆိုတာနဲ့ကိုယ်လည်းမမလည်းစား ချင်လိုက်တာလို့ ထမင်းဆီဆမ်းနဲ့အကြော်လေး ဆိုတော့ မေမေက ဖိုးလမင်းကနေတဆင့်ပို့ပေးမယ်လို့ပြော လိုက်တဲ့။။။ဟဟဟမေမေကပြောတယ်သမီးကမှ ထမင်းဆီဆမ်းနဲ့အကြော်နဲ့ပဲစားချင်တာတဲ့။

ဖိုးသင်္ကြန်ကတော့ တရေးနိုး ဗိုက်ဆာရင်ထထအော်တယ်တဲ့ “ဖိုးလမင်းကြီးရယ် သားသားက ထမင်းဆီဆမ်းနဲ့ ၀က်သားကြော်လေးစားချင်လို့ပါတဲ့...“ ဟဟဟ..ဖိုးသင်္ကြန်ဆိုတာကိုယ့်မောင်လေးတ၀မ်းကွဲ အခုမှ ၃နှစ်ပဲရှိသေးတဲ့ကလေး။ကလေးတွေများ ကြည့်အုံးအဲ့လိုလည်တာ။ အခုတော့သူ့ကိုပြောင်းအော်ခိုင်းရတော့မလို ဖြစ်နေပြီ။ ၀က်တုတ်ကွေးကတော်တော်သောင်းကျန်းနေပြီမဟုတ်လား။။။ ဟဟဟ....

ဒီနေ့မနက်တော့ အန်တီလေးလုပ်ပေးတဲ့ ကြက်ဥကြော်နဲ့ပလာတာရယ်၊ ကော်ဖီတခွက်ရယ်နဲ့ ဟန်ကိုကျလို့.... မနေ့ ရုံးဆင်းတော့ ကန်းခြေမှာသွား စက်ဘီးစီးထားတာ အခု ကိုက်ခဲနေလို့ နားလိုက်ပါအုံးမယ်....အားလုံးပျော်ရွှင်ကြပါစေရှင်။

ချစ်သောကမ္ဘာမြေ

Published by သူမလေး under on 6:42 AM

ကံကြမ္မာဆိုးထိုးနှက်မှုကြောင့် ငါ့တို့ကမ္ဘာပျက်သုန်းခဲ့ရတယ်၊

လှိုင်းကြီး လေကြီး မိုးကြီးအောက်မှာ ပျောက်ဆုံးခဲ့တဲ့ ငါတို့ မိသားစုတွေ

ဘယ်ဆီ၊ ဘယ်ဝယ် လိုက်လို့ရှာရမလည်း.....?

သားက အမေပျောက်၊ အမေကသားတွေပျောက်....

ဘာမှမရှိတော့တဲ့ ဗလာရင်ခွင်ထဲမှာ အရာအားလုံးဟင်းလင်းဖြစ်သွားရတာက ငါတို့အားလုံးပါပဲ....

ဘယ်တော့မှမမေ့နိုင်တဲ့ နေ့ရက်လေးကို မျက်ရည်ဆက်လက်နဲ့ ပွေ့ ပိုက်နေရတာပါ

ဖြစ်နိုင်ရင်လေ ငါ့မှာသာ တန်ခိုးရှိခဲ့ရင်ပေါ့

မှောင်မိုက်တဲ့ အတိတ်ဆိုးကြီးကို ခ၀ါချပေးချင်လိုက်တာ။

ပြုံးနေတဲ့ အမေ့မျက်နှာ၊ ၀မ်းသာနေတဲ့ သားမျက်နှာတွေကို

အားလုံးသော လူသားတွေအပေါ်မှာ ဖန်ဆင်းပေးချင်လိုက်တာ...

ပြက္ခဒိန်ပေါ်ကအဲ့နေ့ အဲ့ရက် အဲ့အချိန်တွေကို

လွှင့်ပစ်လို့ရရင် ဟိုးအဝေးဆုံး ကမ္ဘာအပြင်ဖက်ကို လွှင့်ပစ်လိုက်ချင်တာပေါ့။

ဒီလိုအဖြစ်ဆိုးမျိုး နောက်နောင်မဖြစ်ရစေဖို့

ဆုတောင်းမေတ္ထာပို့နေရုံမှ အပ ကိုယ့်မှာ ဘာများတက်နိုင်အုံးမှာလည်းကွယ်။



"...........ကျွန်မ ဥာဏ်မှီသလောက်ရေးကြည့်တာပါ၊ကိုယ်ဘာမှမတက်နိုင်မလုပ်ပေးနိုင်ပေမယ့် တက်နိုင်သလောက်လေး ကြိုးစားရေးကြည့်တာပါ။ အားလုံးအားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေရှင်။ ကံကောင်းခြင်းများသာပိုင်ဆိုင်နိုင်ပါစေရှင်။.........."

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။